ဆေးလိပ်သောက်ရင် လေဖြတ်နိုင်ခြေ ပိုများသလား
အကယ်၍ သင်ဟာ တစ်နေ့ကို ဆေးလိပ် အလိပ် ၂၀ သောက်ဖြစ်နေပြီဆိုရင် ဆေးလိပ်မသောက်သူထက် ၆ ဆ ပို၍ လေဖြတ်နိုင်ချေများပါတယ်။ လေဖြတ်ခဲ့လျှင် သေနှုန်းကလည်း ဆေးလိပ်မသောက်သူထက် နှစ်ဆမြင့်ပါတယ်။
ဘယ်လိုကြောင့် ဆေးလိပ်က လေဖြတ်စေရတာလဲ
ဆေးလိပ်အငွေ့ထဲမှာ
- ကာဗွန်မိုနောက်ဆိုဒ်၊
- ဖော်မယ်လ်ဒီဟိုက်၊
- အာဆန်းနစ်၊
- ဆာရာနိုက် အပါအဝင် ဓာတုအငွေ့ပေါင်း ၇၀၀၀ ကျော်ပါရှိပါတယ်။
ဆေးလိပ်သောက်သုံးလိုက်တဲ့အခါ ဒီဓာတုပစ္စည်းတွေဟာ အဆုတ်မှရှူသွင်းပြီးနောက် သွေးကြောထဲသို့ ရောက်ရှိကာ ခန္ဓာကိုယ်ဆဲလ်တွေကို ဖျက်ဆီးနိုင်တယ်။
အကျိုးဆက်အနေနဲ့ ဆေးလိပ်သောက်သုံးသူတွေမှာ
- သွေးပျစ်ခြင်း၊
- သွေးကြောအတွင်း သွေးခဲများ ဖြစ်ပေါ်ခြင်း၊
- သွေးကြောများ ကျဥ်းစေခြင်း၊
- သွေးတွင်း အောက်စီဂျင်ပမာဏကို လျော့နည်းစေခြင်း၊
- ခန္ဓာကိုယ်အတွက် အရေးပါတဲ့ High Density Cholesterol ကို လျော့နည်းစေကာ မကောင်းသော Low Density Cholesterol ကို တက်စေခြင်း စသည့်အကြောင်းအရင်းတွေ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
အဲဒီအခြေအနေတွေကနေတဆင့် ဦးနှောက် နဲ့ နှလုံးကဲ့သို့ အရေးကြီးသော အင်္ဂါတွေရဲ့ သွေးကြောတွေကို ထိခိုက်စေကာ လေဖြတ်ဝေဒနာဖြစ်အောင် တွန်းအားဖြစ်စေမှာပါ။
တစ်နှစ်မှာ ၈ သိန်းခန့်ဟာ လေဖြတ်ခြင်းဝေဒနာကို ခံစားနေရပြီး ပျမ်းမျှခြင်းအားဖြင့် စက္ကန့် ၄၀ မှာ လူတယောက်နှုန်း ဖြစ်ပွားနေကြတဲ့ သဘောပါ။ လေဖြတ်ခြင်းဟာ အဖြစ်များသလို ထိခိုက်သေဆုံးနှုန်းလည်း မြင့်မားတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ လေဖြတ်ခြင်းထက် ပိုပြီး လူသေနှုန်း ပိုများတဲ့ ကျန်းမာရေးပြဿနာဆိုလို့ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အသက်ရှူလမ်းကြောင်းရောဂါနဲ့ မတော်တဆထိခိုက်ခြင်းတို့သာ ရှိပါတော့တယ်။
လေဖြတ်ခြင်းဟာ ဦးနှောက်ကိုသွားတဲ့ သွေးကြောတွေမှာ ပြသနာဖြစ်ခြင်းပါပဲ။ သွေးကြောပိတ်ခြင်းကြောင့် ဖြစ်စေ၊ သွေးကြောပေါက်ခြင်းကြောင့်ဖြစ်စေ ဦးနှောက်ဆဲလ်တွေကို သေစေနိုင်ပါတယ်။ လေဖြတ်ခြင်းဟာ အရေးပေါ်အခြေအနေဖြစ်ပြီး ကုသမှု အမြန်ဆုံးခံယူဖို့ လိုပါတယ်။
လေဖြတ်ခြင်းဟာ အဓိကအားဖြင့် ၃ မျိုး ရှိပါတယ်။ သွေးကြောပိတ်လေဖြတ်ခြင်း၊ သွေးကြောပေါက် လေဖြတ်ခြင်းနဲ့ ယာယီလေဖြတ်ခြင်းတို့ ဖြစ်ပါတယ်။ လေဖြတ်ခြင်းဟာ
- ကိုယ်အလေးချိန် မြင့်မားသူတွေ၊
- အသက် ၅၅ နှစ်ထက် ကြီးသူတွေ၊
- မိသားစုတွင်း လေဖြတ်ရောဂါ ရာဇဝင်ရှိသူတွေ၊
- ကိုယ်လက်လှုပ်ရှားမှု နည်းပါးသူတွေ၊
- အရက်အလွန်အကျွံသောက်သူတွေနဲ့
- မူးယစ်ဆေးသုံးသူတွေမှာ ပိုဖြစ်တတ်ပါတယ်။
တကယ်လို့ သင်က ဆေးလိပ်လည်းသောက်သုံးပြီး ဖော်ပြပါအချက်တွေနဲ့လည်း ညိစွန်းနေမယ်ဆိုရင်တော့ လေဖြတ်နိုင်ခြေက အတော်ကို မြင့်မားနေပြီလို့ ဆိုရတော့မှာပါ။
ဆေးလိပ်ဖြတ်လိုက်ရင် ဘယ်လိုကောင်းကျိုးတွေ ရနိုင်မှာလဲ
လေဖြတ်ရောဂါကို ကာကွယ်ရာမှာ ဆေးလိပ်ဖြတ်ခြင်းက အလွန်ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဆေးလိပ်ဖြတ်လိုက်တာနဲ့ သင့်ရဲ့ ခန္ဓာကိုယ်မှာ အောက်ပါအတိုင်း ပြောင်းလဲမှုတွေ ဖြစ်လာမှာမို့လို့ပါပဲ။
ဆေးလိပ်ဖြတ်အပြီး
- ၈ နာရီအတွင်းမှာ မကောင်းတဲ့ ကာဗွန်မိုနောက်ဆိုဒ်နဲ့ နီကိုတင်းဓာတ်တွေဟာ တစ်ဝက်ပြန်လျော့သွားပြီး အောက်စီဂျင်ပမာဏ ပုံမှန်သို့ ပြန်ရောက်လာမယ်။
- ၄၈ နာရီ ကြာသော် ပါးစပ်အရသာပျက်တာ ပြန်လည်ကောင်းမွန်ပြီး မိမိကိုယ်ကနေ ဆေးလိပ်နံ့စွဲမနေတော့ပါ။
- ၇၂ နာရီ အကြာမှာ အသက်ရှုရတာ ပေါ့ပါးလာမယ်။ ခွန်အားပြည့်တက်ကြွလာမယ်။
- ၂ ပတ်မှ ၁၂ ပတ်ကြာလျှင် ကိုယ်တွင်းမှာ သွေးလည်ပတ်မှုစနစ် ပြန်လည်ကောင်းမွန်လာမယ်။
- ၃ လမှ ၉ လကြာလျှင် အဆုတ်အားပြန်ကောင်းလာမယ်
- တစ်နှစ်၊ ၁၀နှစ်၊ ၁၅နှစ် အကြာ နှလုံးအမောဖောက်ခြင်း၊ အဆုတ်ကင်ဆာ၊ လေဖြတ်ခြင်းများ ဖြစ်နိုင်ချေမှာ ဆေးလိပ်မသောက်သူတမျှ ဖြစ်နိုင်ချေ လျော့နည်းသွားပါလိမ့်မယ်။
ဒါကြောင့် အဖြစ်များ ကျန်းမာရေးပြဿနာတစ်မျိုးဖြစ်တဲ့ လေဖြတ်ရောဂါကို ကောင်းကောင်းကြီး ကာကွယ်နိုင်စေဖို့ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်နေထိုင်ပြီး ဆေးလိပ်သောက်သုံးမှုကိုလည်း ဖြတ်တောက် ရပ်တန့်ဖို့ တိုက်တွန်းလိုက်ပါရစေ။
Dr. MMT